Thursday, 26 April 2012

ဂျုံးနီ


ဂျုံးနီ
ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊
အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။

ဂျုံးနီ
ငါ စိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေကို အားနာနေကျ။

ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။

ဂျုံးနီ
ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။

ဂျုံးနီ
ငါမှတ်မိတယ်
မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ
ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။

ဂျုံးနီ
လေတဟူးဟူး ထန်နေတုန်းက
မင့်နှုတ်သီးကို ရှေ့ပစ်ပြီး
တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ
ငါတုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ

ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ
ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ၊
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။

ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။

ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင်
ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။

ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။

ဂျုံးနီ
ငါ ဘယ်လောက်ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင်
မုန့်ကလေး မင်းကို မြှောက်ပြ
ပြီး …
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့
မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့
ငါ မသိလိုက်ခဲ့ဘူးကွယ်)။

ဂျုံးနီ
မင်း နေကောင်းရဲ့လားကွယ်။

ဂျုံးနီ
အိပ်ရာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့
မင်းကို နှုတ်ဆက်ချင်ရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ် ။ ။

မောင်ချောနွယ်

သခင်ကကိုယ်တော်မှိုင်း

    သခင်ကိုယ်တော်မှိုင်း


ထီးသုဉ်း နန်းသုဉ်း

မြို့ သုဉ်းသုည

သုဉ်းသုံးဝဖြင့်

သုဉ်းရပြန်လစ်

သုဉ်းသည့်ခေတ်တွင်

ဖြစ်လာရလေ

တို့တစ်တွေမှာ

သေသော်မှတည့် သြော်ကောင်း၏။


                                ဆီးဘန်နီ ဆရာတော်

နှင်းဆီပွင့်

 


နှင်းဆီပွင့်
                                     
လယ်တောက  ပြန်
ပန်ချင်တယ်   ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို   မောင်မြင်တော့
သူ့ဆံပင်   နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။        ။
                    မင်းသုဝဏ်
                    ၃၁.၁၂.၁၉၃၂





            ဒဂုန်တာရာ

ဗေဒါလမ်း


ခေတ်စမ်းကဗျာဆရာဇော်ဂျီ
(၁၉၀၇-၁၉၉၀)
    

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

                       ဆရာဇော်ဂျီ

ဒီပရင်္ဂ

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်ဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈
 ခေတ်ကျန်ကဗျားမှကူးယူပါသည်



ကိုက်လမ်း

ကိုက်လမ်း
မောင်ချောနွယ်

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ ...)မောင်လွဏ်းဆွေဘလော့မှကူးယူပါသည်။

မသေချာခဲ့မှုများအကြောင်း

မသေချာခဲ့မှုများအကြောင်း
မောင်ချောနွယ်

အဲဒီဆားငန်ရေနဲ့
အကုသိုလ်တွေကို
သူတို့တွေ ကိုက်ချီသယ်ဆောင်သွားပါလိမ့်မယ်။

သူဟာ ဟော်တယ်မှာ မတည်းခိုခဲ့ဖူးဘူး
သူဟာ နိုက်ကလပ်တက် မကခုန်ခဲ့ဖူးဘူး
သူဟာ ၇၄၇ ဂျက်လေယာဉ်တွေကို မစီးခဲ့ဖူးဘူး
သူဟာ လသွားဒုံးယာဉ်လည်း မစီးခဲ့ဖူးဘူး
သူဟာ အီတလီကော်ဇောပေါ်မှာ လမ်းမလျှောက်ခဲ့ဖူးဘူး
သူဟာ ကမ္ဘာကျော်တံတားတွေပေါ်မှာ လမ်းမလျှောက်ခဲ့ဖူးဘူး
သူဟာ ကုမ္ပဏီတခုက ဂျူရီလူကြီးတယောက်လည်း မဟုတ်ခဲ့ဖူးဘူး
အဲဒါတွေအားလုံးဟာ သူ့ရဲ့အောက်တန်းကျမှုတွေဖြစ်တယ်။

သူဟာ ပင်လယ်ကို စံပယ်တပွင့်လို ခူးဆွတ်ခဲ့တယ်
သူ့မှာ လမင်းကို မျိုမျိုချမိတဲ့ အမှုကိစ္စရှိတယ်
သူ့မှာ ဆိပ်ဖလူးပန်တွေ ခူးဖို့ကိစ္စအတွက် ကျောင်းပြေးခဲ့ဖူးတယ်
သူက မလျှောက်တတ်လျှောက်တတ်နဲ့ ကြိုးတန်းပေါ် လမ်းလျှောက်ခဲ့ဖူးတယ်
သူဟာ ကောင်းကင်ဘားတွေလည်း ကစားခဲ့ဖူးတယ်
သူဟာ ရှေ့ကျွမ်းနောက်ကျွမ်းလည်း ထိုးခဲ့ဖူးတယ်
သူဟာ မစင်လည်း နင်းခဲ့ဖူး၊ တိမ်ညွန့်လည်း စားခဲ့ဖူးတယ်
ဒါကြောင့်လည်း သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့
သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့။
သေချာတာက
သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့။ ။


မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃ ခုနှစ်)

ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူပါသည်။







Twitter Delicious Facebook Digg Stumbleupon Favorites More