Friday, 13 July 2012

ပိတောက်တွေပွင့်ပြီးမှ ပို့တဲ့ကဗျာ



ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားဟာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ။

ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို။           ။ သုခမိန်လှိုင်





Friday, 11 May 2012

တေးများ ၅

တေးများ   ၅

ရေမှာ အရုပ်ရေးသလို
ရေးကြ။

ငါတို့ ဟာ ရေပွက်လို
တည်ခဲ့ရ။
ငါတို့ ဟာ ရေပွက်လို
ပျောက်ဆုံးရ။
ငါတို့ အယောင်ယောင်အမှားမှား
ဖြစ်တည်ခဲ့သမျှမှာ
တဖြည်းဖြည်းနီးကပ်လာသော တရားကသာ
တကယ့်တရားပါ။

မယုံလျှင်
မကောင်းမှုပြုလိုက
ပြုကြ။   ။


Songs 5

Like drawing pictures on water
we draw

we, like bubbles
have existed
we, like water bubbles
are lost
for all that we got confused
and existed
what's coming nearer slowly
that only is the real thing

If you don't believe
If you want to do evil
do
(မောင်သာနိုး
အင်္ဂလိပ်ဘာသာပြန်ဆိုသည်။)

ဆတ်သွား


ဆတ်သွား
မောင်ချောနွယ်

ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့
အသားနီနီ ယာတောများက
မီးခိုးလုံး
တောစိမ်း
ချောင်းနက်နဲ့
မှော်သားပြည့်သိပ် လေတွေ
သူ့အဆုတ်ကြီးထဲ
ရှုသွင်းပစ်လိုက်တဲ့
ဒီ မြင့်ချည်နိမ့်ချည် အသက်ရှုမြင်ကွင်းထဲ
လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို
ရထားဝင်လာပြီ
ဒါ ဆတ်သွားပေါ့။
နီပြေပြေ ၀ါကျံကျံ မန်ကျည်းပွင့်
သေးညှက်ညှက်ကလေးတွေ
အုတ်ကန် အအိုအမင်းကြီးထဲ
တစိမ့်စိမ့် တလိမ့်လိမ့် အနှေး
အရာအားလုံး
ထွားကျိုင်း
ဝဖီး
ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တမျိုး
ထွန်းကားတဲ့ ဒီအရပ်မှာ
ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ
ဒါဟာ ဆတ်သွားပေါ့။
တခါကပေါ့
ကျေးတောသားတယောက်ဟာ
မြို့ကနေပြီး မြို့အဆန်ဆုံး ကိုင်းတကိုင်း ယူလာ
သူ့ယာခင်းထဲ
ကြဲချလိုက်တဲ့အခါ
မြို့ကိုင်းဆိုတဲ့ ရွာကြီးတရွာ ဖြစ်လာခဲ့
ဒီ အရပ်မှာ။
ဒီမလေ
မူလက
ဒါဟာ ဆတ်တကောင်ရဲ့ သွားပေါ့။
ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ
မမှန်မကန် လင်းတတ်တဲ့နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေးကားလမ်းမ
ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။
သင်တို့မြင်ဖူးစ
သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်
ခန္ဓာကိုယ်ပေါ်က ကွာကျ
သစ်ညိုလုံးထွားထွားကြီးတွေအပေါ်
ထွားလို့ ထွားလို့
ထွားသွားနေမှာ
ဒါ ဆတ်သွားပေါ့။
မြေအကျောတမျိုးဓာတ်နဲ့ ဖွံ့ထွား
မှော်သားအထည်တမျိုးနဲ့ အဆင်အသွေးကျ
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ်ပစ်လိုက်နိုင်တဲ့
အင်ဖက်ကားကားကြီးတွေ
သားပေါက်ရာအရပ်
သစ်ညိုလုံးထွားထွားကြီးတွေ
အိပ်မွေ့ကျရာအရပ်
မြွေပွေး၀၀တုတ်တုတ် ဖီးဖီးကြီးတွေ
စည်ကားရာအရပ်
အလင်းရောင် ဖောဖောသီသီရတဲ့
ဒီအရပ်မှာ
မှော်သားလေတွေ
လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့
ဒီအရပ်မှာ
အာကာသဓာတ်တွေ အရေရွှန်းလှတဲ့
ဒီအရပ်မှာ
ခုတ်သားတုံးကြီးတတုံးက
ရွာအဖြစ် အသက်ရှင်နေတဲ့
ဒီအရပ်မှာ
ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ
မိတ်လိုက်နေတတ်တဲ့
ဒီအရပ်မှာ
ပိသာစီး ငါးတန်ကြီးတွေ
အသံထွက် ပွက်ကျနေတဲ့
ဒီအရပ်မှာ
လောကဓံတရားထက်ပြင်းတဲ့ အရက်ကို
မချစ်က ချက်တဲ့
ဒီအရပ်မှာ
ဒီဆတ်သွားတချောင်းပေါ်မှာ
အသားနီနီ တောကင်းကြီးတွေဟာ
ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်
တောကင်းကြီးတွေဟာ
သူတို့အသားပြင်ကို ပက်ကြားအက်စေတဲ့
စူးရှရှ လေပူပူကို ချစ်ကြတယ်။
တောကင်းကြီးတွေဟာ
သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့
အသားမြည်သံကို ပိုင်ဆိုင်တဲ့
ဆူးပင်တွေကို ချစ်ကြတယ်။
တောကင်းကြီးတွေဟာ
သူတို့ခန္ဓာကိုယ်ထည်တွေကို
ရှားနှစ်လို စူးနေအောင် ချွန်ကြ
သူတို့က ယာခင်းလို့ခေါ်တဲ့
သူတို့ဘ၀တွေကို
သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ
ဒါကြောင့်ပဲ
သူတို့ဘ၀ ယာခင်းတွေဟာ
နီရဲနေကြတာပေါ့။
တောကင်းကြီးတွေဟာ
သူတို့ရယ်သံတွေကို
ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း
နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။
တောကင်းကြီးတွေဟာ
သူတို့ကိုယ်ကြီးက
ချွေးသီးချွေးပေါက်တွေကို
မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်
စိုက်ကြတယ်
တောကင်းကြီးတွေဟာ
သူတို့ခြေလက်တွေကို ဖြတ်တောက်
မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ
အချိုရည် ရွှန်းလဲ့လဲ့
ကြံခင်းကြီးတွေ ဖြစ်လာတယ်။
ခါသားချက်
တောဝက်သားဟင်း
လောကဓံတရားထက်ပြင်းတဲ့
မချစ်ရဲ့ အရက်
တောကင်းကြီးတွေဟာ
အဲဒီကန္တာရရင်အုံကြီးကို စို့ကာ
ပျော်ကြ
ဘာမဆို မှော်ထနေလွန်း
ဆတ်သွားတချောင်းပေါ်က
ဒီအရပ်
ဒီဆတ်သွားဆိုတဲ့ အရပ်ဟာ
အကြေကို စုန်သလိုလိုနဲ့
အညာကို ဆန်ဆန်သွားတတ်တဲ့
ခရီးသွား ပိုးဇာခင်း မြေသားတခုပေါ့။ ။
မောင်ချောနွယ်
ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူဖော်ပြပါတယ်

ရေနံအစမ်းတွင်းတတွင်းရဲ့ အိုင်ထွန်းမှု (အက်ဆေး)




ရေနံအစမ်းတွင်းတတွင်းရဲ့ အိုင်ထွန်းမှု
မောင်ချောနွယ်

သူတပါးကို အကျဉ်းအကျပ် မပေးခဲ့သူ (သူလည်း မကျဉ်းကျပ်ချင်ဘူးလေ) ခုနှစ်စဉ်ကြယ်ပြောင်လေးများကို လှလွန်းလို့ ငေးကြည့်ရင်း ...။

သလဲသီးထဲက စီစီရီရီနဲ့ နီရဲနေတဲ့ သလဲစေ့လေးတွေရဲ့ အနေအထိုင် ပေါင်းကူးတံတားဖြူဖြူလေးလို လိုက်နေ ထိုင်ရင်း ...။ ပွဲတော်တွေထဲမှာ မီးရောင်စုံနဲ့ ဒုက္ခကြီးကြီး လည်ပတ်ရာမှာ ရဟတ်စီးသူ။ သူ့အပျော်ကို ကျနော် စာနာရင်း ...။ မြို့ကြီးပြကြီးထဲက ညနေရီကြယ်ပြာလေး မာကျူရီရဲ့အလွမ်းကို လွမ်းရင်း ...။ စိမ်းမြသစ်လွင် သော ရေဝေတောတန်းလေးရဲ့ချမ်းမြေ့မှုကို သူနဲ့အတူ ထပ်တူချမ်းမြေ့ရင်း ...။ မိုးစွေငှက်ကလေးရဲ့ ကောင်း ကင်ကို ကျနော် လေးစားတန်ဖိုးထားရင်း ...။

ဒါပေမယ့် ကျနော်တို့ ပြောပြနိုင်တဲ့အရာဟာ တခုပဲရှိပါတယ်။ သံတုံးသံခဲတွေမှာ သွေးသားမရှိကြပါဘူးလို့ ...။ ကျနော်တို့ရဲ့ ဒဏ်ရာတွေကို ကိုယ့်အနုပညာနဲ့ကိုယ် သွေးတိတ်စေခဲ့ကြပါတယ်။

ကိုယ့်သွေးအန်ဖတ်နဲ့ကိုယ် အသိုက်ဆောက်ခဲ့ကြသူ ဇီဝဇိုးငှက်ကလေးများကို မြတ်နိုးရင်း ...၊ ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာဆီ ရောက်ရှိလာတဲ့ သစ်ရွက်ကလေးများကို ကျနော်တို့တတွေ နွေးထွေးယုယခဲ့ပါတယ်။ ကျ နော်တို့ဟာ ကျနော်တို့ရဲ့ သစ္စာတရားနဲ့အတူ နေထိုင်ကြီးပြင်းခဲ့ကြပြီး သူတပါးရဲ့ ကောက်ပဲသီးနှံတွေကို မခိုး ယူ မစားသောက်ဘဲ ညောင်သီးလေးများကိုသာ စားသောက်ခဲ့သူ ငူငှက်ကလေးပမာ နေထိုင်ခဲ့ကြပါတယ်။

ကျနော်တို့အားလုံးမှာ နားလည်မှုဆင်ဖိုနီ အထူးလိုအပ်လှပါတယ်။ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ပင်ဒါဝက်ဝံက လေးကို ချစ်သလို ကျနော်တို့ရဲ့ ကဗျာဆရာကို ချစ်ပါ။ ကဗျာဆရာဟာ ပင်ဒါဝက်ဝံကလေးတွေ ဖြစ်ပါတယ်။ ဟိမ၀န္တာက ရှားပါးတဲ့ ကျားသစ်နက်ကလေးကို အားကိုးသလို ကျနော်တို့ရဲ့ ကဗျာဆရာကို အားကိုးပါ။

ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာက ကျားသစ်နက် ဖြစ်ခဲ့ပါတယ်။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၀ ပြည့်နှစ်)
 ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူးဖော်ပြပါတယ်

Thursday, 10 May 2012

အလွမ်းနာ


 

အလွမ်းနာ


ညတစ်ညမှာ

အလွမ်းများနဲ့ ချုပ်ရိုးတွေထားသီတဲ့
အင်္ကျီတစ်ထည်မှာ

ဘ၀တူခရီးသွားဖော်အတွက်

မဝေးလည်းမဝေး

မနီးလည်းမနီး

အဝေးပြေးမြို့ လေးမှာ

တစ်ချို့ တွေကမ်းကပ်လဲမနီး

လွမ်းတတ်လို့ မပြီးတဲ့

ရင်ထဲရေးထားတဲ့

ဆီဆေးပန်းချီကားတွေလို

သပ်သပ်ရပ်ရပ်လေးခေါက်သိမ်းထားတာပေါ့

အခု ဒီညအဝေးပြေးလမ်းမကြီးကိုကြည့်ပြီး

ခွေးတစ်ကောင်လို

ဖြတ်သွားတဲ့ကားတွေကိုကြည့်ပြီး

ခဏခဏထိုးထိုးဟောင်နေမိတော့တယ်
                                                                              ထစ်ချုန်းမိုး

ပုံပြင်



ပုံပြင်

တစ်ခါတုန်းက
မီးရထားသံလမ်းတစ်လမ်းနဲ့ လူတစ်ယောက်ကို
မီးရထားတစ်စင်းနဲ့လူတစ်ယောက်က
ခုတ်မောင်းသွားတယ်။

ဘ၀တစ်ခုလို အလွမ်းစိတ်က
ဘ၀တစ်ခုလို သံထည်ဘီးမှာ
ဘ၀နဲ့ဝေးရာ အတင်းတွယ်ကပ်
သွေးသံတရဲရဲ လိုက်ပါသွားတယ်။

စင်းစင်းသေကျန်ရစ်ခဲ့တဲ့ သံလမ်းသေဘေး
လူဝင်စားခွေးလေးတစ်ကောင်ပေါ့
ည ... ည ...
ရထားခုတ်မောင်းလာပြီဆိုတာနဲ့
အပူတပြင်း ဆွဲဆွဲငင်ငင်
အူသံရှည် ပေးပေးနေရတာ
သံသရာတစ်ဆုံး တုန်လှုပ်ချောက်ချားလို့
မဆုံးတော့တယ်။ ။

စိုင်းဝင်းမြင့်
(ချယ်ရီမဂ္ဂဇင်း)

Friday, 4 May 2012

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ 2008.မေလ၊ 2 ရက်နဲ့ 3 ရက်တွေမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆို နှစ်နှစ် တိုင်ခဲ့ပါပြီ။
ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။
ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို
စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။
http://www.myanmarbook.com/DataImages/uploadphoto/M-2664.jpg 


ရွာလေးတစ်ရွာ


မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ

လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ

"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "

အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုး ပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ
တစ်ကိုယ်လုံးကို မီးတောက်လို ၀ါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်က လာတာလို့ ကြားနေရတယ်

"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"

"သားရေ...
သားလေး...
ဒီရွာမှာ သေမင်း လက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"

"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"

ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက် ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်

"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"

"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲက ဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"

ရွာလေးတစ်ရွာပေါ့
ရက်လည် ဆွမ်းသွပ် ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခု ရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံး သမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။



မင်းစိုးရာ
မေရဲ့ပန်းပွင့်(သို့မဟုတ်)ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှု ကဗျာများ. . .စာအုပ်မှ


ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ

ကျွန်မပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ. . .
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့ . . .

ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက်အနက်ရောင်ကုန်သည်ကြီးတစ်ဦးပဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမဝမ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း အသိမိတ်ဆွေတွေကိုလည်း
အဲဒီကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့ . . .

ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ ကျေးဇူးတရားတွေက
သူပြန်သန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ရည်းစားဦးဟာ သူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ နင့်ကိုငါဘယ်တော့မှ မမေ့ပါဘူးအေးမိစံ
ဘယ်တော့မှမမေ့ပါဘူး

နွေးနွေးဘာလေးမွေးတယ်ဆိုတာလဲ
သူ မသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက်အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေ ရှိသေးတယ်ဆိုတာ
ဘာလဲ မသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်ထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီဘုရားမြေဟာ
ဘဝရဲ့လွမ်းစရာ အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ၏ ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာ သုဂတိလားပါစေ. . .

ပိတောက်တွေ တစ်ကျော့ပြန်ပွင့်လို့
“ ဆရာမလေးကော” လို့မေးလာရင်
ငါဘယ်လိုပြန်ဖြေရမလဲ. . .ကျော်သူ
ငါအရမ်းလွမ်းတယ်ကွာ
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော်အပြီင်္း
တို့နှစ်ဦး မင်္ဂလာပွဲကို
သူတကယ် မတက်ရောက်နိုင်တော့ဘူးပေါ့
မတက်ရောက်နိုင်တော့ဘူးပေါ့. . .

“ဒါဝင်” ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီ သွားလို့ရတယ်
မော်ဒယ် “အန်နာနစ်ကိုလ်စမစ် ” ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့အုတ်ဂူလေးဆီ သွားလို့ရတယ်
အခု သူ့ကိုငါ လွမ်းနေပြီလေ
ဘယ်မလဲ သူမရဲ့ အုတ်ဂူ
ဘယ်မလဲ သူမရဲ့ အရိုးအိုး
ငါ မတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ .....
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန် ခံရပြန်ပြီ. . .။

သူရနီ


(မေရဲ့ပန်းပွင့် . . .နာဂစ် ကဗျာစုစည်းမှုစာအုပ်မှ. . .)

Thursday, 26 April 2012

ဂျုံးနီ


ဂျုံးနီ
ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊
အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။

ဂျုံးနီ
ငါ စိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေကို အားနာနေကျ။

ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။

ဂျုံးနီ
ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။

ဂျုံးနီ
ငါမှတ်မိတယ်
မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ
ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။

ဂျုံးနီ
လေတဟူးဟူး ထန်နေတုန်းက
မင့်နှုတ်သီးကို ရှေ့ပစ်ပြီး
တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ
ငါတုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ

ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ
ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ၊
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။

ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။

ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင်
ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။

ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။

ဂျုံးနီ
ငါ ဘယ်လောက်ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင်
မုန့်ကလေး မင်းကို မြှောက်ပြ
ပြီး …
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့
မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့
ငါ မသိလိုက်ခဲ့ဘူးကွယ်)။

ဂျုံးနီ
မင်း နေကောင်းရဲ့လားကွယ်။

ဂျုံးနီ
အိပ်ရာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့
မင်းကို နှုတ်ဆက်ချင်ရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ် ။ ။

မောင်ချောနွယ်

သခင်ကကိုယ်တော်မှိုင်း

    သခင်ကိုယ်တော်မှိုင်း


ထီးသုဉ်း နန်းသုဉ်း

မြို့ သုဉ်းသုည

သုဉ်းသုံးဝဖြင့်

သုဉ်းရပြန်လစ်

သုဉ်းသည့်ခေတ်တွင်

ဖြစ်လာရလေ

တို့တစ်တွေမှာ

သေသော်မှတည့် သြော်ကောင်း၏။


                                ဆီးဘန်နီ ဆရာတော်

နှင်းဆီပွင့်

 


နှင်းဆီပွင့်
                                     
လယ်တောက  ပြန်
ပန်ချင်တယ်   ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို   မောင်မြင်တော့
သူ့ဆံပင်   နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။        ။
                    မင်းသုဝဏ်
                    ၃၁.၁၂.၁၉၃၂





            ဒဂုန်တာရာ

ဗေဒါလမ်း


ခေတ်စမ်းကဗျာဆရာဇော်ဂျီ
(၁၉၀၇-၁၉၉၀)
    

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

                       ဆရာဇော်ဂျီ

ဒီပရင်္ဂ

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်ဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈
 ခေတ်ကျန်ကဗျားမှကူးယူပါသည်



ကိုက်လမ်း

ကိုက်လမ်း
မောင်ချောနွယ်

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ ...)မောင်လွဏ်းဆွေဘလော့မှကူးယူပါသည်။

မသေချာခဲ့မှုများအကြောင်း

မသေချာခဲ့မှုများအကြောင်း
မောင်ချောနွယ်

အဲဒီဆားငန်ရေနဲ့
အကုသိုလ်တွေကို
သူတို့တွေ ကိုက်ချီသယ်ဆောင်သွားပါလိမ့်မယ်။

သူဟာ ဟော်တယ်မှာ မတည်းခိုခဲ့ဖူးဘူး
သူဟာ နိုက်ကလပ်တက် မကခုန်ခဲ့ဖူးဘူး
သူဟာ ၇၄၇ ဂျက်လေယာဉ်တွေကို မစီးခဲ့ဖူးဘူး
သူဟာ လသွားဒုံးယာဉ်လည်း မစီးခဲ့ဖူးဘူး
သူဟာ အီတလီကော်ဇောပေါ်မှာ လမ်းမလျှောက်ခဲ့ဖူးဘူး
သူဟာ ကမ္ဘာကျော်တံတားတွေပေါ်မှာ လမ်းမလျှောက်ခဲ့ဖူးဘူး
သူဟာ ကုမ္ပဏီတခုက ဂျူရီလူကြီးတယောက်လည်း မဟုတ်ခဲ့ဖူးဘူး
အဲဒါတွေအားလုံးဟာ သူ့ရဲ့အောက်တန်းကျမှုတွေဖြစ်တယ်။

သူဟာ ပင်လယ်ကို စံပယ်တပွင့်လို ခူးဆွတ်ခဲ့တယ်
သူ့မှာ လမင်းကို မျိုမျိုချမိတဲ့ အမှုကိစ္စရှိတယ်
သူ့မှာ ဆိပ်ဖလူးပန်တွေ ခူးဖို့ကိစ္စအတွက် ကျောင်းပြေးခဲ့ဖူးတယ်
သူက မလျှောက်တတ်လျှောက်တတ်နဲ့ ကြိုးတန်းပေါ် လမ်းလျှောက်ခဲ့ဖူးတယ်
သူဟာ ကောင်းကင်ဘားတွေလည်း ကစားခဲ့ဖူးတယ်
သူဟာ ရှေ့ကျွမ်းနောက်ကျွမ်းလည်း ထိုးခဲ့ဖူးတယ်
သူဟာ မစင်လည်း နင်းခဲ့ဖူး၊ တိမ်ညွန့်လည်း စားခဲ့ဖူးတယ်
ဒါကြောင့်လည်း သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့
သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့။
သေချာတာက
သူ့မှာ ဘာမှမရှိတာ သေချာခဲ့ပေါ့။ ။


မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃ ခုနှစ်)

ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူပါသည်။







Saturday, 28 January 2012

မိုဃ်းဇော် သေတမ်းစာ



အိမ်ခေါင်းရင်းမှာ
ဖယောင်းတိုင်မီးတွေ ထွန်းပြီးရင်
ဆုပ်ကိုင်ထားတဲ့ စီမံကိန်းတွေ အောက်ချ
ဖတ်လက်စစာအုပ်ကို ပိတ်လိုက်တော့
ကျွန်ုပ်တို့ သေလို့ ရပြီ။

သေဖို့မေ့နေတာ မှန်တယ်
(သေခြင်းတရားဆိုတာ ဆရာဝန်ခေါင်းခါမှ
သတိရတာမျိုး)
ကြည့်လေ မနက်ကပဲ
ဘေးကျပ်နံကျပ် ဘတ်(စ်)ကားပေါ်
ရန်တစ်ပွဲ ဖြစ်ခဲ့တယ်
ကျောက်ခေတ်ဆီ အရင်းမစိုက်ဘဲ
သဘာဝသမိုင်းပြတိုက် ရောက်ခဲ့တယ်
(လူသားမျိုးနွယ်တွေ လေ့လာဖို့ထက်
တရုတ်မလေး နားပူလို့)
ရေတိုင်ကီအပေါက်တွေ ပြန်ဖာ
ဆံသဆရာနဲ့ ပုဂံရာဇ၀င် ငြင်းခုံရင်း
သေဖို့တောင် တော်တော် ပျင်းလာရဲ့။

ငါ့သွေးကြော နံရံတစ်ပြင်လုံး
အင်ဂျင်အပူဆုံးအချိန်ဟာ
နွားနို့ပုံးတွေ မှောက်ခဲ့တာနဲ့အမျှ
လောကကို
သြဇာသီးအမှည့်တွေ ပြန်ပေးဖို့
တွေးတောနေချိန်ပေါ့။

နောက်လူတွေရဲ့ ကြွက်တွင်းထဲ
အမှည့်ရွှမ်းဆုံး ထည့်သွင်းပေးနိုင်တာ
ဒီသြဇာပင်တွေပဲ မဟုတ်လား။

မိတ်ဆွေတို့
ခင်ဗျားတို့ မြေကြီးတစ်ခွင်မှာ
သြဇာသီးပင်တွေ စိုက်ပျိုးကြ
အာသာပြေ သြဇာသီးတွေ စားကြ
ဇောချွေးတွေကိုတော့ ဖိုင်(လ်)တွဲထားကြ
ကျွန်တော့် ဘာသာစကားဟာ
ဘယ်လိုအသံနေအသံထားနဲ့ဆိုဆို
သက်ပြင်းတွေကို ကျေးဇူးတင်ကြောင်း
ပြောဖို့
သြဇာသီးတွေ စိတ်ချလက်ချ သီးဖို့
ပြီးတော့
ဟောသည် ပေါ့ဆမှုရဲ့သားကို
ရယ်မောသံများနဲ့ သင်္ဂြိုဟ်ဖို့။ ။


ပို့ 

ဒိနေ့ ပဲစလုပ်လိုက်ပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More